သာသနရံသီ ဝိဟာရ  သမိုင်းကြောင်းနှင့် လုပ်ဆောင်ချက်များ
 

သာသနရံသီ ဝိဟာရကို ၁၉၉၅ ခုနှစ် ဇွန်လတွင် တည်ထောင်ခဲ့ပြီး England & Wales Charity Commissioner ထံတွင် ဘာသာရေးဆိုင်ရာ ခွင့်ပြုချက်အမှတ် 1053233 ဖြင့် မှတ်ပုံတင်ရရှိခဲ့သည်။ ဂေါပက(၅)ဦးဖြင့်တည်ထောင်ခဲ့သည်။  လန်ဒန်မြို့လယ်ရှိ Waterloo အရပ် 18, Ospringe House, Wootton Street London SE1 8TP တွင် သာသနရံသီ ဝိဟာရကို စတင်တည်ထောင်ခဲ့ပြီး ၂၀၀၂ခုနှစ် ဒီဇင်ဘာလတွင်  လန်ဒန် အနောက်မြောက်ပိုင်းရှိ Colindale ရပ်ကွက် 83 Booth Road London NW9 5JU သို့  ပြောင်းရွှေ့လာခဲ့သည်။


လက်ရှိသီတင်းသုံးတော်မူနေကြသော သံဃာတော်များ

  1. ဆရာတော် ဦးဥတ္တရ (MA)
  2. ဆရာတော် ဦးသိလိဋ္ဌ (BA)
  3. ဆရာတော် ဦးပညာစာရ (MA)

လက်ရှိ ဂေါပကအဖွဲဝင်များ

  1. ဆရာတော် ဦးဥတ္တရ (Ex-Officio Trustee)
  2. ဦးစိန်ထွန်းအောင် (အဖွဲ့ဝင်)
  3. ဒေါက်တာဝင်းနိုင် (အဖွဲ့ဝင်)
  4. ဒေါ်တင်ထားဆွေ (အဖွဲ့ဝင်)
  5. ဒေါက်တာဝင်းထွဋ် (အဖွဲ့ဝင်) တို့ဖြစ်သည်။

သာသနရံသီ ဝိဟာရမှ ဘာသာရေးဆိုင်ရာကိစ္စများကို သီးခြားအနေဖြင့်၎င်း ယူကေနိုင်ငံရှိ မြန်မာဘုန်းကြီး ကျောင်းများနှင့် စုပေါင်း၍၄င်း ကျင်းပခဲ့ကြပါသည်။ ၂၀၀၃ ခုနှစ်မှစ၍ ဆရာဒကာ ညီညွတ်ရေးကို အလေးပေးသော အားဖြင့် စုပေါင်းဗုဒ္ဓနေ့ ပူဇော်ပွဲကိုလည်း ယနေ့တိုင် ဦးဆောင်မှုပေးကာ ကျင်းပခဲ့ ပါသည်။ သံဃာ့ ပဝါရဏာပွဲများ ကိုလည်း နှစ်စဉ်အလှည့်ကြ ပြုလုပ်ခဲ့ပါသည်။ ဗုဒ္ဓနေ့ပူဇော်ပွဲ ကျင်းပရာ၌လည်း ပြည်ပရောက်နေသူ လူငယ်အများစုမှာ ကျောင်းတက်ရသည့် အခက်အခဲများ ၊ အလုပ်အကိုင် အဆင်မပြေမှုများကို ဦးစားပေးဆောင်ရွက်နေရသဖြင့် ထင်သလောက် လူငယ်အများစုပါဝင်မှု မရှိသည်ကိုလည်းတွေ့ရသည်။ ၄င်းအပြင် ပြည်ပရောက်နေသည်က တကြောင်း ခေတ်ရေစီးကြောင်းအရ လိုက်၍ နိုင်ငံခြား ယဉ်ကျေးမှုများနှင့် ဂီတများကို စိတ်ဝင်စားနေကြသော မြန်မာသွေး မြန်မာ့ကလေးငယ်များနှင့်လူငယ်များအား   သာသနရံသီ ဝိဟာရမှ မြန်မာ့တူရိယာ ဆိုင်းဝိုင်းများ ၊ ဗုဒ္ဓနေ့ပူဇော်ပွဲတွင် ဗုဒ္ဓဝင်ပြဇာတ်များဖြင့် လူငယ်များ စိတ်ဝင်စားလာအောင် ဆွဲဆောင်မှုများကို ပြုလုပ်ပေးခဲ့ရသဖြင့် လှူုယ်များ ပိုမို၍ ပါဝင်ဆောင်ရွက်လာသည်။

သာသနရံသီ ဝိဟာရမှ ၂၀၀၃ ခုနှစ်မှစ၍ စုပေါင်းရဟန်းခံ ရှင်ပြုပွဲများနှင့် ၂၀၀၂ခုနှစ်မှစ၍ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြုလုပ်ရာ တနှစ်လျှင် အများဆုံး ဒုလ္လဘ ရဟန်း(၁၀)ပါးစီကိုလည်း ရဟန်းခံပေးခဲ့သည့် အပြင် သီလရှင် (၇)ပါးကိုလည်း သိက္ခာရှင်များ ပြုလုပ် ပေးခဲ့ သည်။ စုပေါင်း ဒုလ္လဘ ရဟန်း အပါး(၁၀၀) နီးပါးရှိခဲ့သည်။

လူမှုရေးဆိုင်များကိုလည်း အခါအားလျှော်စွာပြုလုပ်လျှက်ရှိပါသည်။ မြန်မာ့ရိုးရာပွဲများအဖြစ် နှစ်သစ်ကူး ပွဲတော်စသည် တို့ကိုလစဉ်အလိုက် ပြုလုပ်ပေးခြင်းဖြင့် အဝေးရောက်မြန်မာများ ဘာသာရေးနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်အောင် လူကြီး လူငယ်မကျန် ပါဝင်ဆောင်ရွက်ရေးကို ဦးစားပေး ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာ့နှစ်သစ်တွင် ပျှော်ရွှင်မှုတခုထည်းကိုသာ အဓိကမထားဘဲ လူငယ်များအနေဖြင့် ဘာသာရေးကို လိုက်နာ လေးစားလာစေရန်နှင့် ၊ ဂုဏ်ပြုချီးကြူးတတ်သော အလေ့ အကျင့်များကို ရလာစေရန် နှစ်စဉ် ဂုဏ်ပြုဆုများကိုလည်း ချီးမြှင့်ခဲ့ပါသည်။


ဥရောပ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပူဇော်တည်ထားခြင်း
 

မြန်မာနိုင်ငံမှ အင်မတန်ရှားပါးလှ တန်ဖိုးကြီးမားလှသော စကျင် ဖရောင်းကျောက်ဖြင့် ထုလုပ်ပူဇော်ထားသည့် အမြင့်    ( ၉) ပေ ၊ တန်ချိန် ၃ တန်ခွဲလေးသည့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကိုလည်း လန်ဒန်မြို့၏ ကျက်သရေဆောင် အဖြစ်ဖြင့် ပူဇော်ထားသည်။ နောင်အခါတွင် Tourist attraction   ဖြစ်လာနိုင်သည့် မြန်မာ့ရုပ်ပွားတော်ပင်ဖြစ်သည်။ ဘေးပတ်လည်တွင်လည်း ဘုရားရှင်၏ ( ၁၀၈ )ကွက် စက်လက္ခဏာကို ပူဖော်သည့်အနေဖြင့် ရွှေဆင်းတုတော် (၁၀၈) ဆူကို ပူဇော်ထားပါသည်။


ပြည်ပသာသနာပြုအသင်းတည်ထောင်ခြင်း

၂၀၀၉ ခုနှစ်မှစ၍ ဥရေပနိုင်ငံများရှိ ပြည်ပ သာသနာပြုအသင်းများနှင့် ယခုအချိန်တွင် (၂)နှစ်တကြိမ် နောင် အခါအခွင့်သင့်လာလျှင် နှစ်စဉ်တွေဆုံကြ၍ သာသနာပြုလုပ်ငန်းများ၏ အခက်အခဲများနှင့် တိုးတက်မှုများ အပြန်ပြန် အလှန်လှန် ဆွေးနွေးတိုင်ပင်သည့် ရံသီ ဥရောပမြန်မာ သာသနာပြုအသင်းကိုလည်း စတင်တည်ထောင်ခဲ့သည်။ နှစ်စဉ် ဂျုလိုင် သိုမဟုတ် သြဂုတ်လတွင် ပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ဥရောပရောက် မြန်မာများအချင်း မိတ်ဆွေများတိုးပွားလာခြင်း ၊ ဒေသန္တရဗဟုသုတများ တိုးပွားလားခြင်း ၊ သူ့ကျောင်းကိုယ့်ကျောင်း ဟု အစွဲမရှိတော့ဘဲ အားလုံသော မြန်မာမိသားစုများသည် ကျောင်းဒါယကာ ဒါယိကာမများဖြစ်ကြ၍ သာသနာပြု ဒါယကာ ဒါယိကာမ အစစ်များဖြစ်နိုင်လာပေမည်။ ပို၍ညီညွတ်လာပေမည်။ မြန်မာ့သာသနာ ကမ္ဘာကိုလွှမ်းမည်ဟူသော ကြွေးကြော်ချက်နှင့် အညီ ညီညွတ်၍ တိုးတက်သော မြန်မာ့သာသနာပြု ဖြစ်ရေးကလည်း အဓိကအရေးကြီးပါသည်။ ထို့ကြောင့် ပြည်ပရောက် မြန်မာမိသားစုများ ညီညွတ်ရေး၏ အဓိကကြသော သာသနာပြုလုပ်ငန်း တခုပင်ဖြစ်သည်။

သာသနရံသီ ဝိဟာရ၏ နေ့စဉ်လုပ်ငန်းများ

  1. နံနက် ၅ နာရီမှ ၆ နာရီအထိ ဘုရားဝတ်တက် တရားမှတ် ။
  2. ၆ နာရီ အရုဏ်ဆွမ်းဘုန်းပေး။
  3. ၇ နာရီမှ ၈ နာရီ ( ကိုယ်ပိုင်အချိန် စင်္ကြန်လျှောက် )
  4. ၈ နာရီ ကျောင်းသန့်ရှင်းရေး လုပ်ရန်။
  5. ၉ နာရီ စာဖတ်ချိန် နှင့် ဗဟုသုတ ရှာဖွေချိန်။
  6. ၁၀ နာရီ မှ ၁၁ နာရီ အတွင်း ကျောင်းအတွက် အထွေထွေလုပ်ငန်းများလုပ်ချိန်။
  7. ၁၁ နာရီ နေ့ဆွမ်းဘုန်းပေးချိန်။
  8. ၁၂ နာရီမှ ၁ နာရီ အနားယူချိန်။
  9. ၂နာရီမှ ၄ နာရီ အထိ ကိုယ်ပိုင် စာသင်ချိန် ။
  10. ၄နာရီမှ ၆နာရီ ဧည့်သည် တွေ့ချိန်။
  11. ၇ နာရီ မှ ၈နာရီ အထိ ညနေ ဘုရားဝတ်တက် တရားအားထုတ်ချိန်။

သာသနရံသီ ဝိဟာရ၏ အပတ်စဉ် လုပ်ငန်းစဉ်များ

  1. စနေနေ့တိုင်း (၂)နာရီမှ ၅နာရီအထိ ကလေးလူငယ်များအား မြန်မာစာနှင့် ဗုဒ္ဓဘာသာ သင်တန်းများသင်ကြား ပေးလျှက် ရှိသည်။
  2. တနင်္ဂနွေနေ့တိုင်း (၆)နာရီမှ (၇)နာရီ အထိ လူကြီး လူငယ်များ စုပေါင်း၍ ဘုရားရှိခိုးခြင်း ၊ ပဋ္ဌာန်းရွတ်ခြင်း၊ ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း အဘိဓမ္မာသင်တန်းများပို့ချပေးခြင်း များပြုလုပ်လျှက်ရှိသည်။
  3. လစဉ် နောက်ဆုံးအပတ် တနင်္ဂနွေနေ့တိုင်း ကျောင်းသားကျောင်းသူများ အတွက် ပညာပေး ဟောပြောပွဲ အစီအစဉ်ရှိသည်။
  4. နွေရာသီ ကျောင်းပိတ်ရက်တွင် (၂)ပတ်တိတိ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများပြုလုပ်သည်။
  5. အားလပ်ရက်ဖြစ်သော သင်္ကြန်တွင်း (၁၀)ရက်စခန်း ၊ နွေရာသီ (၁၀)ရက်စခန်း၊ New Year တရား

ဆွမ်းအလှူရှင်များ လိုက်နာရန်စည်းကမ်းများ

ဘုန်းကံကြီးမြတ်တော်မူသည့် မြတ်စွာဘုရားရှင်သည် သာသနာတော်မြတ်ကြီးကို အပ္ပသန္နာနံ ပသာဒါယ - မကြည်ညိုသေးသော ပုဂ္ဂိုလ်များအား ကြည်ညိုလာစေဘို့ရန် - ပသန္နာနံ ဘိယျောဘာဝါယ - ကြည်ညိုပြီး၊ ကြည်ညိုဆဲပုဂ္ဂိုလ်များအား ပိုမိုကြည်ညိုလာစေရန် စည်းကမ်းရှိမှု၊ သေသပ်မှု၊ ဆိတ်ငြိမ်မှုတို့ဖြင့် တည်ထောင်ထားတော်မူခဲ့ပါသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ကို လိုက်နာကြသော ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်း တို့သည်လည်း စည်းကမ်းရှိမှု၊ သေသပ်မှု ဆိတ်ငြိမ်မှုတို့ဖြင့် သာသနာတော်မြတ်ကြီးကို အားပေးချီးမြောက်စေဘို့ရန်နှင့် ဤကျောင်းတိုက်ကြီးကို အဖက်ဖက်မှတိုးတက်လာစေရန် ပံ့ပိုးကူညီသည့်အနေအားဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက် များကို လိုက်နာကျင့်သုံးခံယူကြရပါမည်။

အလှူရှင်များသည်

  1. ဆွမ်းမကပ်မီအချိန် အနည်းဆုံး (၁)နာရီအလို စုံညီစွာ ရောက်ရှိရပါမည်။
  2. အရုဏ်ဆွမ်းအတွက် နံနက်(၆)နာရီ (သို့) နေ့ဆွမ်းအတွက် နေ့(၁၁)နာရီ မတိုင်မီ (၁ဝ)မိနစ် အလိုတွင် ဘုရားဆွမ်းတော်ကပ်ရန် အဆင်သင့်ဖြစ်ရပါမည်။
  3. ဖိတ်ကြားထားသော ဧည့်ပရိသတ်များရှိပါက ၄င်းတို့နှင့်အတူ ဘုရားဆွမ်းတော်ကပ်လှူရပါမည်။
  4. ဧည့်ပရိသတ်များ ဖိတ်ကြားထားပါက ဆွမ်းအလှူရှင်မှ (သို့) တာဝန်ခံမှ ဤကျောင်းတိုက်တွင် လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်ပြောပြထားရပါမည်။
  5. သံဃာတော်များဆွမ်းကပ်ရာတွင်လည်း နေရာတကျ နေရာယူပြီး စုပေါင်းကပ်လှူရပါမည်။
  6. သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်အတွင်း အလှူရှင်ဒကာ၊ ဒကာမများ ဗဟုသုတတိုးပွားစေရန် ရည်သန်၍ ဆရာတော်ကြီးများ၏ တရားဓမ္မများကို ဖွင့်ထားမည်ဖြစ်သဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နာကြားကြရပါမည်။
  7. ဝေယျာဝစ္စဆောင်ရွက်သူများသည်လည်း သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်အတွင်း အတတ်နိုင်ဆုံး တိုးညှင်း ငြင်သာစွာ စကားပြောဆိုကြရပါမည်။
  8. ဝေယျာဝစ္စဆောင်ရွက်သူများမှအပ ကျန်ဧည့်ပရိသတ်များအား နေရာထိုင်ခင်းကျဉ်းသဖြင့် မီးဖိုချောင် အတွင်းသို့ ဝင်ထိုင်၍မနေကြရန် အလှူရှင်မှ မေတ္တာရပ်ခံထားရပါမည်။
  9. သို့သော် သံဃာတော်များ ဆွမ်းဘုဉ်းပေးပြီး၍ ဧည့်ပရိသတ်များအား ကျွေးမွေးချိန်တွင် လွတ်လပ်စွာ ပြောဆိုနိုင်ကြ ပါသည်။
  10. ဆွမ်းအလှူကိစ္စ ပြီးစီးလျှင် မီးဖိုချောင်နှင့် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းစွာ ဆေးကြော သုတ်သင်ပြီး နေရာတကျ စနစ်ကျစွာ ပြန်ထားပေးရပါမည်။ ဥပမာ - သံဃာတော်သုံးပန်ကန်နှင့်၊ လူသုံးပန်းကန်စသည်….
  11. မီးဖိုချောင်နှင့် ကျောင်းတိုက်အတွင်းသန့်ရှင်းမှုများ ပြုလုပ်ပြီးလျှင် ကျောင်းတိုက်ရှိ ဆရာတော် တစ်ပါးပါးထံ သန့်ရှင်းပြီးစီးကြောင်း ပြန်လည်အပ်နှံ လျှောက်ထားရပါမည်။ ဥပမာ - ဖုန်စုပ်ခြင်း၊ အမှိုက်သိမ်းခြင်း၊ မီးဖိုသန့်ရှင်းခြင်းစသည်…
  12. လစဉ် မီးဖိုး £ ၃ဝဝ၊ ဂစ်ဖိုး £ ၃ဝဝ ကုန်ကျနေပါသဖြင့် ကျောင်းတိုက်၌ (ဆွမ်းဟင်းနွှေးခြင်းမှအပ) ချက်ပြုတ်လျှင် တတ်နိုင်သမျှ ဝေယျာဝစ္စသုံးအဖြစ် လှူဒါန်းကြပါရန် မေတ္တာရပ်ခံပါသည်။
  13. ကျောင်းတိုက်မှ သံဃိကဆန်ကို အသုံးပြုလိုလျှင် ဆန်အလှူအဖြစ် နဝကမ္မကပ်လှူပြီး ဆရာတော်များကို လျှောက်ထား၍ သုံးစွဲနိုင်ပါသည်။
  14. အမှိုက်ထုပ်ကြီးများ (၃)ထုပ်ထက်ပိုပါက အလှူရှင်မှ တာဝန်ယူ၍ အပြင်(သို့) သင့်တော်သောနေရာတွင် ပစ်ဖို့ရန် ယူဆောင်သွားရပါမည်။